နိုင်ငံတကာသတင်းများ

ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ပြီး အီရန်စစ်ရေးလေ့ကျင့်မှု အဆုံးသတ်
Thursday, 29 April 2010 10:56


saqehမဟာဗျူဟာမြောက် ပါရှန်းပင်လယ်ကွေ့၊ဟော်မုဇ်ရေလက်ကြားတွင် အီရန်တော်လှန်ရေးစောင့်တပ်များ၏ လေးရက်ကြာစစ်ရေးလေ့ကျင့်မှုမှာ ဧပြီလ ၂၅ ရက်နေ့တွင် ကမ်းခြေမှရေပြင်ပစ်၊ ရေပြင်မှရေပြင်ပစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခြင်းဖြင့် အဆုံးသတ်ခဲ့ကြောင်းသိရသည်။

မဟာဗျူဟာမြောက် ပါရှန်းပင်လယ်ကွေ့၊ဟော်မုဇ်ရေလက်ကြားတွင် အီရန်တော်လှန်ရေးစောင့်တပ်များ၏ လေးရက်ကြာစစ်ရေးလေ့ကျင့်မှုမှာ ဧပြီလ ၂၅ ရက်နေ့တွင် ကမ်းခြေမှရေပြင်ပစ်၊ ရေပြင်မှရေပြင်ပစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခြင်းဖြင့် အဆုံးသတ်ခဲ့ကြောင်းသိရသည်။
Saqeh
"အီရန်လုပ် Nasr (အောင်ပွဲ)၊ Saeqeh (မိုးကြိုး)၊ Noor (အလင်း) အမည်ရဒုံးကျည်တွေကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီဒုံးကျည်တွေဟာ မတူညီတဲ့အကွာအဝေးတွေထိ ပစ်လွှတ်နိုင်ပါတယ်''ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်အာမက်ဗာဟီဒီကပြော ကြားခဲ့သည်။''Saeqeh ဟာ သင့်တင့်တဲ့ဝန်တင်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ပါ"ဟု အာမက်ဗာဟီဒီကဆိုသည်။

နိုင်ငံပိုင်ရုပ်သံကလည်း ရေကြောင်းပစ်ဒုံးကျည်ငါးမျိုး အောင်မြင်စွာပစ်လွှတ်နိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ Prophet V ဟု အမည်ပေးထားသော လူမဲ့လေယာဉ်များကိုလည်း စမ်းသပ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ထောက်လှမ်းရေးသုံး ယင်းလူမဲ့လေယာဉ်များမှာ အမေရိကန်၏ လူမဲ့လေယာဉ်နည်းပညာကို အမီလိုက်ရန် ကြိုးပမ်းခြင်းလည်းဖြစ်သည်။ လေဆာလက်နက်များကိုလည်း စမ်းသပ်ခဲ့ကြောင်း အီရန်တော်လှန်ရေးစောင့်တပ်များ၏ တပ်မှူးလည်း ဖြစ်သူအာမက်ဗာဟီဒီကပြောကြားခဲ့ပြီး အသေးစိတ်ကိုမပြောကြားခဲ့ပေ။ကမ္ဘာ့ရေနံလိုအပ်ချက်၏ ၄၀ ရာခိုင် နှုန်းကိုဖြတ်သန်းသယ်ဆောင်ရသော ဟော်မုဇ်ရေလက်ကြားတွင် စစ်ရေးလေ့ကျင့်မှုကို ဧပြီလ ၂၂ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။ အီရန်သည် အစ္စရေးအထိ ပစ်လွှတ်နိုင်သော ဒုံးကျည်များ၊ ဒေသတွင်းရှိအမေရိကန် နှင့်ဆက်စပ်သောနေရာများအထိ ရောက်အောင်ပစ်လွှတ်နိုင်သော ဒုံးကျည်များကို စမ်းသပ်ခဲ့သည်။
@first-11
===============================================

အိန္ဒိယက ဆင်းရဲမွဲတေမှုသတ်မှတ်ချက်ကို ပြင်ဆင်လိုက်သောကြောင့် ဆင်းရဲသူသန်း ၁၀၀ ခန့်ထပ်တိုးလာ
Thursday, 29 April 2010 11:11


အိန္ဒိယအစိုးရက ဆင်းရဲမွဲတေမှုအဆင့်အတန်းသတ်မှတ်ချက်ကို ပြင်ဆင်လိုက်ရာ အိန္ဒိယတွင် ဆင်းရဲ မွဲတေသူ သန်း ၁၀၀ ကျော်ထပ်မံ တိုးလာခဲ့ကြောင်း သိရသည်။
အိန္ဒိယအမျိုးသားစီမံကိန်း ကော်မရှင်အဖွဲ့က လူဦးရေ၏ ၂၇ ဒသမ ၅ ရာခိုင်နှုန်း ဆင်းရဲမွဲတေနေကြောင်း သတ်မှတ်ထားမှုကို ၃၇ ဒသမ ၂ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ စားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ်များကို တိုးချဲ့နိုင်ရေးအတွက် တိုးတက်မှုတစ်ရပ် ဖြစ်ခဲ့သည်။တစ်နေ့တာလိုအပ်သော အာဟာရကို ၀ယ်ယူနိုင်စွမ်းကို တွက်ချက်မှုအရ အိန္ဒိယလူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်ရောက်နေပြီး အစိုးရက အစားအစာထောက်ပံ့ပေး မှုကို တိုးချဲ့သွားမည်ဖြစ်သည်။ ယခင်ခန့်မှန်းမှုအရ အိန္ဒိယလူဦးရေ ၁ ဒသမ ၁၅ ဘီလျံအနက် ၂၇၅ သန်းခန့်သည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသူများဖြစ်သည်။

ယခုပြင်ဆင်တွက်ချက်မှုအရ အိန္ဒိယ ၃၇၂ သန်းခန့်သည် ဆင်းရဲမွဲတေသူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး အစိုးရ၏ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ရရှိနိုင်မည် ဖြစ်သည်။ အိန္ဒိယအစိုးရက ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသည့် မိသားစုများကို တစ်လလျင် ဂျုံနှင့်ဆန် ၂၅ ကီလိုဂရမ်ထောက်ပံ့ပေးမည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းနိုင်ရေးအတွက် ၀န်ကြီးချုပ်မန်မိုဟန်ဆင်းန်၏ အစိုးရက ကြိုးပမ်းနေသည်။ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်တွင် နေထိုင်နေရသူများ သည် အစားအစာတစ်ကီလိုဂရမ်အတွက် ၇ ဆင့်ခန့်နှုန်းဖြင့် ပေးချေရမည်ဖြစ်သည်။ မကြာသေးမီလများက စားသောက်ကုန်ဈေးနှုန်းများ ၁၈ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အတွင်း တိုးတက်ခဲ့ပြီး ဆင်းရဲသော အိန္ဒိယနိုင်ငံသားများအတွက် ပိုမို ကျပ်တည်းစေခဲ့သည်။
@first-11
===============================================


ရုရှမှ ကုန်တင် အာကာသယာဉ် လွှတ်တင်
April 29, Thursday,2010 6:30 PM


ရုရှနိုင်ငံသည် ဒုတိယမြောက် ကုန်တင် အာကာသယာဉ် တစ်စင်းအား ကာဇက်စတန်ရှိ ဘေကိုနော် အာကာသစခန်းမှ ISS သို့ ဗုဒ္ဓဟူးနေ့ ညက လွှတ်တင် လိုက်ကြောင်း သိရသည်။ M-05M ကုန်တင်ယာဉ်အား စံတော်ချိန် ကိုးနာရီ ဆယ့်ငါးမိနစ်တွင် လွှတ်တင်လိုက်ခြင်း ဖြစ်ပြီး ၉ မိနစ်ကြာ ပျံသန်းခရီး အပြီးတွင် ၂ ရက်ကြာ အလိုအလျှောက် လှည့်ပတ်မှုကို ပြုလုပ်ပြီး သောကြာနေ့တွင် နိုင်ငံတကာ အာကာသခန်းတွင် ဆိုက်ကပ်မည် ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကဆိုသည်။ ယင်းအာကသယာဉ်သည် အလေးချိန် ၂.၅ တန်ရှိသော အစားအသောက်၊ ရေ၊ လောင်စာ၊ သိပ္ပံနည်းပညာ ပစ္စည်းများနှင့် ISS တွင် တာဝန်ထမ်းဆောင်နေသော အာကာသယာဉ်မှူးများ၏ မိသားစုများက ထည့်ပေးလိုက်သော သစ်သီး၊ ချောကလက်၊ ဗီဒီယိုခွေ၊ စာအုပ်၊ မဂ္ဂဇင်း သည်တို့ပါဝင်သည်။ အဆင့်မြှင့်ထားသော ထိုအာကာသယာဉ်သည် အလေးချိန်ပေါ့ပါးပြီး အဆင့်မြင့် ဒ-်ဂျစ်တယ် ထိန်းချုပ်စနစ်ဖြင့် အသုံးပြုထားသောကြောင့် ISS တွင် ဆိုက်ကပ်ရာတွင် ပိုမိုတိကျ လွယ်ကူစေပါသည်။ (ဆင်ဟွာ)
@ခေတ်လူငယ်
=============================================

ဂျပန်၏ ပထမဆုံးသော ပြင်ပ ရေပြင်စစ် အခြေစိုက်စခန်း
April 29, Thursday,2010 6:30 PM

ဂျပန်နိုင်ငံသည် ၎င်း၏ ပထမဦးဆုံးသော ပြင်ပရေပြင်စစ် အခြေစိုက်စခန်းအား အာဖရိကဒေသ အေဒင်ပင်လယ်ကွေ့ရှိ Djibouti တွင် ဆောက် လုပ်လျှက် ရှိသည်။ နာမည်ဆိုးဖြင့် ကျော်ကြားသော ဆိုမာလီဓါးပြများအား နှိမ်နင်းနိုင်ရန်အတွက် တည်ဆောက်နေသော ယင်းအခြေစိုက် စခန်းသည် အမေရိကန် ဒေါ်လာ သန်း ၄၀ ကျော် ကုန်ကျပြီး လာမည့်နှစ် အစောပိုင်းတွင် ပြီးမြောက်မည် ဖြစ်သည်။ ယခုလောလောဆယ်တွင် ဂျပန်တပ်မတော်သား ၁၅၀ ခန့်သည် အမေရိကန်၏ Djibouti ရှိ ရေပြင်စစ် အခြေစိုက်စခန်းတွင် ပင်လယ်ဓါးပြ နှိမ်နင်းရေး အစီအစဉ်၌ တာဝန် ထမ်း ဆောင်လက်ရှိသည်။ နှစ်စဉ် ဂျပန်ရေယာဉ် နှစ်ထောင်ကျော်သည် အေဒင်ပင်လယ်ကွေ့ကို ဖြတ်သန်းသွားလာလျက် ရှိသည်။ ဂျပန်နိုင်ငံ၏ ပို့ကုန် ၉၀ သည် ပင်လယ်ရေကြောင်းကိုသာ အမှီသဟဲ ပြုနေရသည်။ ဂျပန်၏ ပြင်ပရေပြင်စစ် အခြေစိုက်စခန်းသည် ဆိုမာလီ ပင်လယ်ဓါးပြ နှိမ်နင်းရေး အစီအစဉ်တွင် အားတစ်ရပ် ဖြစ်လာစေပေသည်။ (ဆင်ဟွာ)
@ခေတ်လူငယ်
=============================================

ဂါဇာနယ်စပ်ရှိ ဥမင်များတွင် အဆိပ်ငွေ့ ရှုမိ၍ လူ လေးဦး သေဆုံး
April 29, Thursday,2010 6:30 PM

အီဂျစ်နိုင်ငံနှင့် ဂါဇာကမ်းမြှောင် ဒေသ နယ်ခြားမျဉ်းအောက်ရှိ ဥမင်လှိုဏ်ခေါင်းများတွင် အလုပ်လုပ်နေစဉ် အဆိပ်ငွေ့ ရှုမိသဖြင့် ဒေသခံ ပါလက်စတိုင်း လုပ်သား လေးဦး သေဆုံး၍ ငါးဦး ဒဏ်ရာ ရရှိခဲ့သည်။ အီဂျစ်လုံခြုံရေးတပ်ဖွဲ့များသည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ဥမင်တစ်ခုကို မိုင်းဖြင့် ဖြိုခွဲခဲ့ရာ ၎င်းဥမင်ပြိုကျ၍ လူတစ်ဦး သေဆုံးပြီးလျှင် ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။ အီဂျစ်နိုင်ငံမှ ဂါဇာဒေသအတွင်းသို့ ပစ္စည်းမျိုးစုံ မှောင်ခို ခိုးသွင်းရန်အတွက် နယ်စပ်တွင် ဥမင်ရာပေါင်းများစွာ ဖောက်လုပ်ထားခဲ့ကြသည်။ အီဂျစ်အစိုးရသည် ၎င်းနယ်စပ်တွင် မြေအောက် ခြံစည်းရိုးတစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ (ဆင်ဟွာ)
@ခေတ်လူငယ်
=============================================

အမေရိကန်တွင် ပထမဦးဆုံးသော ကမ်းလွန် လေရဟတ်များ တည်ဆောက်မည်
April 29, Thursday,2010 6:30 PM


အမေရိကန်နိုင်ငံ မက်ဆာချူးဆပ်ပြည်နယ် ကိတ်ကော့ကမ်းလွန်တွင် ပထမဦးဆုံးသော ကမ်းလွန် လေရဟတ်များကို တည်ဆောက်ရန် ပြည်ထဲရေးဌာနမှ ခွင့်ပြု ပေးလိုက်ပြီ ဖြစ်သည်။ ၎င်းစီမံချက်သည် ဒေသ၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုက်လျောသည်ဟု ပြောဆိုကြ သည်။ ထို့ပြင် ပြန်လည် ဖြည့်တင်းနိုင်သော စွမ်းအင်ထုတ်လုပ်ရေး ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပေသည်။ ပင်လယ်ကွေ့အတွင်း ရေတိမ်ဒေသ တွင် လေရဟတ်တာဘိုင်ပေါင်း ၁၃၀ ခန့် တည်ဆောက်မည် ဖြစ်သည်။ ၎င်းစီမံချက်မှ ၂၀၁၂ ခုနှစ်တွင် လျှပ်စစ်ဓါတ်အား စတင်ထုတ်လုပ် နိုင် မည် ဖြစ်၍ ဒေသတွင်း လိုအပ်ချက်၏ လေးပုံသုံးပုံကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။ (ဘီဘီစီ)
@ခေတ်လူငယ်
=============================================


ထိုင်း ဆန္ဒပြသမားများနှင့် လုံခြုံရေး တပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွား
April 29, Thursday,2010 6:30 PM


ဘန်ကောက်မြို့ ဆင်ခြေဖုန်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အင်္ကျီနီ ဆန္ဒပြသမား တစ်စုတို့ ယမန်နေ့က ပဋိပက္ခ ဖြစ်ပွားခဲ့ကြသည်။ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး၍ ဆန္ဒပြသူ ၁၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ဆန္ဒပြသမားများသည် ၎င်းတို့၏ အခိုင်အမာ တည်ဆောက်ထားသော မြို့လယ် ဆန္ဒပြကွင်းမှ မိုင် ၃၀ ခန့်ဝေးသော မြို့ပြင်သို့ မော်တော်ယာဉ်များဖြင့် ချီတက်သွားခဲ့ကြသည်။ ဘန်ကောက်မြို့တွင် စခန်းချ ဆန္ဒပြမှုသည် ရက်သတ္တ ခြောက်ပတ်အတွင်းသို့ ၀င်ရောက်ခဲ့ပြီ ဖြစ်သည်။ ဆန္ဒပြပွဲများကြောင့် လူစည်ကားရာ ရပ်ကွက်ရှိ ဟိုတယ်များနှင့် ဈေးဆိုင် အများအပြား ပိတ်ထားခဲ့ရသည်။ ထိုင်းဝန်ကြီးချုပ်က နိုင်ငံတွင်းတွင် သဘောထားများ ကွဲလွဲ၍ ဆက်ဆံရေး တင်းမာနေချိန်တွင် ရွေး ကောက်ပွဲများကို အချိန်မတိုင်မီ ကျင်းပပါက ပြဿနာ မပြေလည်သည့်အပြင် ယခုကဲ့သို့ ဆန္ဒပြမှုများသာ ဖြစ်ပေါ်နိုင်သည်ဟု ပြောဆိုသည်။ ဤ အတောအတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံ တရားရုံးက ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ရရှိသော အလှူငွေများ စာရင်းကို ကြေငြာရန် ပျက်ကွက်သဖြင့် ၀န်ကြီးချုပ် အဘီဆစ်၏ ဒီမိုကရက်ပါတီကို ဖျက်သိမ်းရန် စဉ်းစားလျက်ရှိသည်။ (ဘီဘီစီ)
@ခေတ်လူငယ်
============================================